မိုင်းဆတ် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ပဲပုတ်(ရေဆင်း-၁၅)မျိုးသန့်ပွားစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
ဝိန်းနေရပ်ကွက်ရှိ တောင်သူဦးသောင်းဟန်စိုက်ပျိုးထားသော ပဲပုတ်(ရေဆင်း-၁၅) မျိုးသန့်မျိုးပွား စိုက်ခင်းသည် ယခင်ဒေသမျိုး စိုက်ပျိုးသည့်နှစ်ထက်အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပဲပုတ်အထွက်နှုန်းမှာ တစ်ဧကလျှင်(၁၈)တင်းထွက်ရှိကြောင်းသိရသည်။
“အရင်တုန်းက ဒေသပဲပုတ်မျိုးတွေဘဲစိုက်ခဲ့တာ အထွက်နှုန်းသိပ်မကောင်းခဲ့ဘူး၊ စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းတဲ့အချိန် (ရေဆင်း-၁၅)ပဲပုတ်မျိုးသန့်ကိုစိုက်ကြည့်ပါ အထွက်နှုန်းကောင်းတယ်လို့ ပြောတယ်၊ ပဲပုတ်မျိုးကိုလည်း စိုက်ပျိုးရေးဌာနက ထောက်ပံ့ပေးတာနဲ့စိုက်ကြည့်လိုက်တာ တော်တော်လေး အောင်မြင်ဖြစ်ထွန်းတယ်ဗျ၊ ပဲပုတ်ဈေးနှုန်းက (၁)တင်းကို ငွေကျပ် (၃၅၀၀၀)ဈေးကောင်းရရှိတယ်”ဟု တောင်သူဦးသောင်းဟန်ကပြောသည်။
အဆိုပါ (ရေဆင်း-၁၅)ပဲပုတ်မျိုးသည် စိုက်ပျိုးရေးဦးစီးဌာနမှ စနစ်တကျစိုက်ပျိုးပြီးသန့်စင်ထား သောမျိုးသန့်မျိုးပွားဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ အကျိုးဖြစ်ထွန်းစေရေးအတွက် စဉ်ဆက်မပြတ်ကွင်းဆင်းကာ အခြားစိုက်ပျိုး သီးနှံမျိုးစေ့များလည်း ထောက်ပံ့ပေးလျက်ရှိ ကြောင်း၊ တောင်သူများအား စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုများ မျှဝေပေးခြင်းနှင့် သင်တန်းများလည်း ပို့ချပေးလျက်ရှိကြောင်း မျိုးစေ့တာဝန်ခံ ဦးဇော်သိန်းနိုင်ထံမှသိရသည်။
မြင့်မောင်