ပုဏ္ဏားကျွန်း ဇန်နဝါရီ ၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ “မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး” အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသိန်းတန်အောင်က ပြည်သူများ သိရှိလိုက်နာနိုင်ရန် Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်သန်းထွန်းက မီးသတ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ရည်မှန်းချက် တာဝန်များ၊ “မီးဘေးကိုရှောင်မလောင်ခင်တား” ဆောင်ပုဒ်နှင့်အညီ မီးဘေး အန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ရှောင်ရန်၊ ဆောင်ရန်တို့ကို ပြည်သူများအား ကြိုတင် သတိပေးဆောင်ရွက်ချက်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သင့်(၄)သင့်၊ မြန်(၄)မြန်ဖြင့် မီးငြိမ်းသတ်နိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် Online မှတစ်ဆင့် Talk Show ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း စသည့် အခြားအသိပညာ ဗဟုသုတ အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယခု “မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး” အသိပညာပေး Talk Show ဆွေးနွေးပွဲအပြည့်အစုံကို We Love Ponnagyun Facebook Page တွင် ထုတ်လွှင့်ပြသ ထားရှိကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)