ပုံပါကျင် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေးအကြောင်းအရာများကို ဒေသခံပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများ လေ့လာသိရှိနိုင်ရန် အတွက် ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်ထားသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် အိုမီခရွန် ဗီဇမျိုးကွဲဆိုတာဘာလဲ၊ မိမိကိုယ်တိုင်နှင့် အခြားသူများကို အိုမီခရွန်မကူးစက်စေရန် မည်သို့ ကာကွယ်နိုင်မည်နည်း၊ အိုမီခရွန်သည် ဗီဇပြောင်းလဲမှုများစွာဖြင့် စိုးရိမ်စရာဗိုင်းရပ်မျိုးကွဲ တစ်ခုဖြစ်သည့်အတွက် ရောဂါကာကွယ်ရေး လိုက်နာရမည့် အချက်များ၊ ကိုယ်ဝန်ဆောင်နေစဉ်နှင့် နို့တိုက်မိခင်များလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်သည့် အကြောင်းအရာများ၊ ကိုဗစ်-၁၉ နှင့် HIV၊ ကလေးသူငယ်များ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပါက ကလေးများ၏ စိုးရိမ်မှုကို နှစ်သိမ့်ဆွေးနွေးနိုင်မည့် အကြံပေးချက်များ၊ WHO မှ အရေးပေါ်သုံးရန် ခွင့်ပြုထားသော ကာကွယ်ဆေးများနှင့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ သိမှတ်စရာများ၊ ကာတွန်းများ ထည့်သွင်းပြသထားသည်။
ထိုသို့ မြေစိုက်နံရံကပ်ဘုတ်ပြသ ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အချိန်ကာလနှင့် သင့်လျော်သော အသိပညာပေး အချက်အလက်များကို စုစည်း၍ လစဉ်လဲလှယ် ပြသလျက်ရှိရာ ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
သန္တာ