တံတားဦး ဇန်နဝါရီ ၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ပြူကန်ကျေးရွာ ပြူကန် အနောက်ကွင်း ကွင်းအမှတ်(၁၃၄၀) တောင်သူ ဦးဝင်းချို စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ် (RS-CS) ဆင်းသုခ မိုးစပါး (၃.၄၈)ဧက အနက်မှ (၀.၁၀)ဧကအား စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကွင်း၌ ကျင်းပကြောင်းသိရသည်။
မိုးစပါး မျိုးစေ့ထုတ် (RS-CS) ဆင်းသုခ မျိုးစပါး စံကွက်ရိတ်သိမ်းရာသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုး ရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးနိုင်နှင့်၊ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်ညွန့်တို့က စပါးစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန် အတွက် မျိုးကောင်းမျိုးသန့်များသာ သုံးစွဲရေး၊ မြေဩဇာ သုံးစွဲရာတွင် စနစ်တကျသုံးစွဲရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ ပေါင်းမြက်ရှင်းလင်းရေးတို့ကို ဆွေးနွေးပြောကြားပြီး ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများက မိုးစပါးမျိုးစေ့ထုတ်(RS-CS) ဆင်းသုခ မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ကြည့်ရှုအားပေးကြသည်။
ဆင်းသုခမျိုးစပါး (၀.၁၀)ဧက စံကွက်ရိတ်သိမ်းရာတွင် စပါးအဆိုအထွက်နှုန်း(၁၃.၅)တင်းနှုန်းထွက်ရှိ ပြီး စပါးအခြောက်(၁၂.၅)တင်းနှုန်းထွက်ရှိကြောင်း၊ တံတားဦးမြို့နယ် ပြူကန်ကျေးရွာ ပြူကန် ကန်ရေသောက်မှ မိုးစပါး (၆၈၅)ဧက ၊ ကင်းတားဆည်ရေသောက်(၁၁၄)ဧက ၊ စုစုပေါင်း(၇၉၉)ဧကကို စိုက်ပျိုးပါကြောင်း၊ ပြူကန်ကန်ရေသောက်မှ တောင်သူများသည် မိုးစပါးများ ရိတ်သိမ်းပြီးလျှင် ဆောင်းကုလားပဲကို သီးထပ်အဖြစ် ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်ညွန့်ထံမှ သိရသည်။
ရဲတင့်(တံတားဦး)