မွန်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး တက်ရောက်

မော်လမြိုင်  ဇန်နဝါရီ  

၂၀၂၂ခုနှစ်၊  ဖေဖော်ဝါရီလ ၁၂  ရက်နေ့တွင်    ကျရောက်မည့်  (၇၅)နှစ်မြောက်၊   စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက  မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊  အောင်ဆန်းခန်းမ၌  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊  ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၏တိုင်းရင်းသား၊ စာပေ၊ ယဉ်ကျေးမှု  ဓလေ့ ထုံးထမ်းများ၊    အထင်ကရနေရာများ၊ ဒေသထွက်ကုန် ပစ္စည်းများအား ပေါ်လွင်ရန် (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် အလှပြယာဉ်များ၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များစေလွှတ်ပေးနိုင်ရေး သက်ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များက မိမိတို့ကျွမ်းကျင်ပညာ ရပ်များအလိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက် သွားရန်လိုကြောင်း၊ ထို့အပြင် ကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ရမည့် ကဏ္ဍများ အလိုက်  အချိန်မီ  ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ  မပျောက်ပျက်အောင်  ထိန်းသိမ်း ကာကွယ်ရေးအတွက်  အားလုံး ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ပြည်နယ်အတွင်းရှိ အနုသုခမရိုးရာ အမွေအနှစ်များကို  အဆိုပါ အခမ်းအနားတွင် ဖော်ထုတ်ပြသ ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်ကြသည့် ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနအလိုက် ကော်မတီဝင်များ၏ တင်ပြဆွေးနွေးမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မော်လမြိုင်တက္ကသိုလ်၊ မော်လမြိုင်နည်းပညာ တက္ကသိုလ်တို့ရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများအတွက် လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့်  နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးတို့က အသီသီး လက်ခံ ရယူသည်။

မွန်ပြည်နယ်တွင်တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် ချစ်ကြည်လေးစားမှု ရှိစေရေး စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ၊ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အထူးအလေးထား ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)