ကျောက်တော် ဇန်နဝါရီ ၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား အသိပညာပေး နှိုးဆော်ခြင်းအား ယမန်နေ့ နံနက် ၈ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ် ဖြစ်သည့် အိုမီခရွန် ကူစက်ပျံနှံမှု ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများ ပြား လာပြီး မိမိတို့နိုင်ငံနှင့် နီးကပ်လျက် ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီး ကာကွယ်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု နှုန်း လျော့နည်းကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိရသည့် မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့် အတွက် ကြိုတင်ကာကွယ်နိုင်ရန်၊ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီနေထိုင်ကြရန်နှင့် ကာကွယ်ဆေးများ ကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု အပြည့်အဝရရှိ စေရန်အတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မိဘပြည်သူများအနေဖြင့် မပျက် မကွက်သွားရောက်ပြီး အကြိမ်ရေပြည့်မီစွာ ထိုးနှံပေးကြရန်စသော အချက်များအား မြို့ပေါ်ရပ်ကွက်များ လမ်းဆုံ၊ လမ်းခွနေရာများသို့ သွားရောက်ပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း