အင်တော ဇန်နဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ အမှတ်(၄)ရပ်ကွက်ရှိ စည်ပင်သာယာရေးဌာနပိုင်၊ မြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် လျှပ်စစ်ဌာနတို့က ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်တင့်၊ နယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးဝင်းမောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာဌာန တာဝန်ခံ ဦးစိုင်းအောင်သန်းဦး၊ မြို့နယ်လျှပ်စစ်မှူးရုံးမှ တာဝန်ရှိသူများနှင့် ဈေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်းကာ မြို့မဈေးအတွင်းရှိ ရေးတွင်း၊ ရေကန် ရေပိုက်ခေါင်းများ ပျက်စီးမှုရှိ/မရှိ အပေါ့စား မီးသတ်စက်စသည့် ပစ္စည်းကိရိယာများ၊ မီးသတ်ဆေးဗူး ထားရှိမှုများ၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားရှိမှု၊ မီးခလုတ် တပ်ဆင် အသုံးပြုမှုစနစ်များ စသည်တို့ကို လိုက်လံကြည့်ရှူစစ်ဆေးပြီး ဈေးသူ/ဈေးသားများအား မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်ခိုင်(ပြန်/ဆက်)။