တုံတာ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက် အတွင်း လှည့်လည်နှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်ရှိဖြစ်ပေါ်လာသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါသည် ကူးစက်မြန်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးသူများအားလည်း ပြန်လည်ကူးစက် နိုင်ကြောင်း၊ ယခုအခါ မိမိတို့ မြန်မာနိုင်ငံအတွင်းသို့လည်း ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် တုံတာမြို့ပေါ်တွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အပြင်မှပြန်လာပါကလည်း မိသားစုများနှင့်မထိတွေ့မီ နှာခေါင်းစည်းများကို အမှိုက်ပုံးထဲသို့ စနစ်တကျ လွှင့်ပစ်ရန်နှင့် လက်များကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင်ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ မိမိနေအိမ်သို့ ပြင်ပမှ ဧည့်သည်များလက်မခံရန်၊ မိမိအနေဖြင့်လည်း အခြားသူများအိမ်သို့ ဝင်/ထွက်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စနစ်တကျ သွားရောက်ထိုးနှံကြရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြ ပါရန်နှင့် သက်ကြီးရွယ်အိုများ၊ အခြားရောဂါအခံရှိသူများအား အထူးဂရုစိုက်ပေးကြပါရန် ရှမ်းဘာသာ၊ အာခါဘာသာတို့ဖြင့် လှည့်လည် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း