မိုင်းယောင်းမြို့၌ တိုင်းရင်းသားဘာသာစကားဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်း  ဇန်နဝါရီ  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ တိုင်းရင်းသားဘာသာစကားဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် သွားရောက်၍ လိရှမ်းဘာသာစကားနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း Mask တပ်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်း စသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း