မိုင်းယောင်း ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ သည် ယမန်နေ့နံနက် ၁၀ နာရီက ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒွန်းနွဲ့နှင့် မိုင်းလွေအုပ်စုအတွင်း အိမ်နံပါတ်များ၊ လမ်းနံပါတ်များ တပ်ဆင်ထားရှိမှုအခြေအနေနှင့် ဒေသခံပြုည်သူများ ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်နယ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၂ ဒသမ ၁၈ ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် ဒွန်းနွဲ့-မိုင်းလွေလမ်း ဘောက်စ်ကားဗါ့ တံတားနှစ်စင်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးပြီး လမ်းတံတားများ ရေရှည်တည်တံ့ကောင်းမွန်စေရန် ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူးများက စည်းရုံးထိန်းသိမ်း သွားကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အရှည် ၂၆ ပေ၊ အကျယ်နှင့် အမြင့် ၅ ပေစီရှိသော အဆိုပါတံတားများ တည်ဆောက်ပြီးစီးသွားပါက ကျေးလက်နေ ဒေသခံ ပြည်သူများ ရာသီမရွေး ကောင်းမွန်စွာ သွားလာနိုင်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်ကာ ဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း