ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အစည်းအဝေးပြုလုပ်

ညောင်ရွှေ     ဇန်နဝါရီ     ၇

ဒေသတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု လျှော့ချရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေး အစည်းအဝေးကို ယမန်ရက်နေ့ နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးက ညောင်ရွှေမြို့နယ်အား Stay at Home အစီအစဉ်မှ ပယ်ဖျက်လျှော့ချပေးပြီးဖြစ်သော်လည်း ပေါ့ဆမှုမရှိကြစေရန်၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများ ကာကွယ်တားဆီးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြရန်၊ မိမိဒေသအတွင်းသို့ အခြားဒေသများမှ ဝင်ရောက်လာသူများအား မျက်ခြည်မပြတ် စောင့်ကြည့်စစ်ဆေးရန်၊ ကာကွယ်ဆေးထိုးနှံထားခြင်းရှိမရှိ စိစစ်ကြရန်၊ ဈေးများနှင့် လူအများသွားလာမှုများသည့် နေရာများတွင် အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်နှင့် တိုင်းရင်းသား ဘာသာစကားများဖြင့် ကိုဗစ်-၁၉ရောဂါ တားဆီးကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်ကြရန် ထည့်သွင်းပြော ကြားသွားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသစ်လွင်သိမ်းက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးပြီး အစည်းအဝေး တက်ရောက်လာသူ များမှ ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ