ပဲခူး ဇန်နဝါရီ ၆
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ဇန်နဝါရီ ၆ရက် မွန်းလွှဲပိုင်းအချိန်က တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးရှေ့တွင် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ အခြေခံမူ(၇)ချက်ပါ bill board ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင် ဦးမြင့်သိန်းနှင့် ပဲခူးခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဟန်အောင်တို့က ကြက်ခြေနီကြီးကြပ်မှုကော်မတီ အခြေခံမူ (၇)ချက်ပါ bill board အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာသူများအား တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင် နှင့် ပဲခူးခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူးတို့က အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ ကြက်ခြေနီကြီးကြပ်မှုကော်မတီ အခြေခံမူ(၇)ချက်ပါ bill board အား ကြက်ခြေနီ၏ လုပ်ငန်းစဉ်များနှင့် အခြေခံမူများကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပြီး လူသားချင်း စာနာထောက်ထားခြင်း၊ ခွဲခြားမှာမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်းအကျိုးဆောင် ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာတစ်ဝန်းပျံနှံ့ခြင်း စသည့် အခြေခံမူများအပြင် ကြက်ခြေနီ၏ အဓိပ္ပာယ် ဖော်ပြချက်တို့ ပါဝင်ကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်