ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက် အရန်မီးသတ်စခန်းသို့ မွန်ပြည်နယ် မီးသတ်ဦးစီးမှူးမှ မီးငြိမ်းသတ်ယာဉ် တစ်စီးနှင့် မီးသတ်ဝတ်စုံများပေးအပ်

ရေး ဇန်နဝါရီ ၇

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက် အရန်မီးသတ်စခန်းသို့ မွန်ပြည်နယ် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးဝင်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီးနှင့် မီးသတ် ဝတ်စုံ(၅)စုံ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ရန်ကြီးအောင် အရန်မီးသတ်စခန်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင်တို့ တက်ရောက်ကြပြီး ပထမဦးစွာ ပြည်နယ်မီးသတ် ဦးစီးမှူး ဦးစိုးဝင်းက ရန်ကြီးအောင်ရပ်ကွက် အရန်မီးသတ် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများဖြင့် မိတ်ဆက်စကား ပြောကြားပြီး မိမိတို့မွန်ပြည်နယ်တွင် စုစုပေါင်း မီးသတ်စခန်း(၃၇)ခုရှိကြောင်း အခုလို ပူပြင်းခြောက်သွေ့သည့် ရာသီဥတုသို့ရောက်ရှိလာပြီ ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ရပ်ကွက်ပြည်သူများမှ တက်တက်ကြွကြွ စိတ်ပါဝင်စားစွာ ပူးပေါင်း ဆောင်ရွက် သည့်အတွက် များစွာဝမ်းသာဂုဏ်ယူရပါကြောင်း၊ မိမိတို့ရပ်ကွက်၊ မြို့နယ်၊ အေးချမ်းသာယာရေးအတွက် မိမိတို့မှာသာ တာဝန်ရှိကြောင်း ပြောကြားပြီး ရန်ကြီးအောင် အရန်မီးသတ်တပ်ဖွဲ့နှင့် ရပ်မိ/ရပ်ဖများမှ လိုအပ်သည်များကို ပြန်လည်တင်ပြီး ကျေးဇူးတင်စကား ပြောခဲ့သည်။

ထို့နောက် ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးဝင်းမှ ရန်ကြီးအောင်အရန် မီးသတ်တပ်ဖွဲ့နှင့် ရပ်မိ/ရပ်ဖများအား မီးငြိမ်းသတ်ယာဉ်(၁)စီးနှင့် မီးသတ်ဝတ်စုံ (အစုံလိုက်) (၅)စုံတစ်စုံ (၁)သိန်း(၁)သောင်း တန်ဖိုးရှိ စုစုပေါင်းတန်ဖိုး(၅) သိန်း(၅)သောင်း တို့ကို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်(မြို့နယ်၊ ပြန်/ဆက်)