ရန်ကုန် ဇန်နဝါရီ ၇
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်၏ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ (၂) နာရီက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) တွင် ကျင်းပသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။
ထိုနောက် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်သန်းဦးက ဇုန်များအလိုက် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကိုလည်းကောင်း၊ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန် ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးမှူး ဦးတင်မောင်ကြည်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဇုန် (၁/၂/၃) တို့မှ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများက ဇုန်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက် လာကြသော ဇုန်ကြီးကြပ်မှုကော်မတီဝင်များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြေကွက် အမည်ပြောင်း လျှောက်ထားမှုများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရေး၊ သတ်မှတ်စည်းကမ်း လိုက်နာ ဆောင်ရွက်စေရေး၊ ပျက်စီးနေသော လမ်းများပြုပြင် ဆောင်ရွက်ရေး၊ မြေအငြင်းပွားမှုများ ဥပဒေနှင့်အညီ ဖြေရှင်းပေးရေး၊ နွေဦးရာသီ မီးဘေးအန္တရာယ် ဂရုပြုကြိုတင်ကာကွယ်ရေး၊ စည်းကမ်းနှင့်အညီ ဆည်ရေပေးလွှတ်ရန်နှင့် ရေလေလွင့်မှုမရှိစေရေး လုံခြုံရေးကိစ္စရပ်များ ပြောကြားခဲ့ပြီး အထွေထွေ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြင့်