ကျောက်ဆည် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာရေးဆရာ ပီတိ(ပေကြီး)ရေးသားသည့် ပြည်သူတွေကိုသိစေချင်တဲ့ပြည်သူ့နီတိအခြေခံသိစရာများ စာအုပ်စာဖတ် ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စာဖတ်ဝို်ငးဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝါသနာပါသူများ၊ စာပေကိုချစ်မြတ်နိုးသူများ၊ ချစ်ခင် ရင်နှီးမှုရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိစေရန် စာဖတ်ဝိုင်းကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာပီတိ(ပေကြီး)ရေးသားထားသည့် ပြည်သူ့နီတိကို ဘာကြောင့် လိုက်နာကျင့်သုံးသင့်တာလဲ၊ ဘယ်ခေတ်အခါက ပြည်သူ့နီတိပေါ်ပေါက်ခဲ့တာလဲ စသည့် အကြောင်းအရာများနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်)က တာဝန်သိပါ၊ တာဝန်ယူပါ၊ တာဝန်ကျေအောင် ထမ်းဆောင်ပါ၊ ပြည်သူ့နီတိသည် လူမျိုးတိုင်းဘာသာတိုင်း နိုင်ငံသားတိုင်း အတွက်ဖြစ်သည်၊ ပြည်သူ့နီတိ၏ နယ်ပယ်ကြီးငါးရပ်စသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အပြန်အလှန်လေးစားပါ၊ ရိုင်းပင်းကူညီပါ၊ စည်းကမ်းလိုက်နာပါ၊ သန့်သန့်ရှင်းရှင်းနေပါ၊ ပတ်ဝန်းကျင်ကို အလေးထားပါ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည့်အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
တင်တင်ထွေး