သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိ

သင်္ဃန်းကျွန်း  ဇန်နဝါရီ    ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာယနေ့၊ နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ သုဝဏ္ဏ (၂၅) ရပ်ကွက်၊ ဓမ္မာရုံ၌ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ လဝကမှူး ဉီးရဲထွန်း၊ ဒုလဝကမှူး ဒေါ်သက်သက်အေးနှင့် ဝန်ထမ်းများက တိုင်းရင်းသားတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း များရရှိရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ ၃(က) ၁၂ ဦး၊ ၆(က) ၂ ဉီး၊ မိတ္တူ ၆ ဦး စုစုပေါင်း (၂၀)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို နေ့စဉ်အခမဲ့ပြုလုပ်ပေးလျက်ရှိပြီးမြို့နယ် လဝက ဦးစီးမှူးရုံး တွင်လည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

စန္ဒာမိုး