ရန်ကုန် ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်းများကို ယမန်နေ့ နံနက် (၁၀)နာရီက အမှတ်(၄၁)ရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်ဇော်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၇) ရပ်ကွက်သို့ ဒုတိယအကြိမ် ကွင်းဆင်း ဆောင်ရွက်ပေးရာ အမှတ်(၄၁)ရပ်ကွက်၊ ဓမ္မာရုံတွင် အသက်(၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ မ (၃) ဦး၊ အသက်(၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ မ (၂) ဦး၊ ပျက်စီးပြန်လည် လျှောက်ထားသူကျား (၁) ဦးနှင့် ပျောက်ဆုံးပြန်လျှောက် ထားသူ ကျား (၁) ဦး၊ မ(၁) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှ စတင်ကာ ၁၈ ကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ မိမိတို့ မွေးဖွားရာ ဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦး ရေစာရင်းရှိပြီးကိုင်ဆောင် လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများနှင့် ရွေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ