ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့် စပ်လျဉ်း၍ အသိပညာပေး Talk Showဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၆

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့် ပတ်သက်၍ ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန်အတွက်  ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့်စပ်လျဉ်း၍ Talk Show အစီအစဉ်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေး Talk Show အစီအစဉ်တွင် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ တိုင်းဦးစီးမှူး(ရောဂါနှိမ်နင်ရေး) ဒေါက်တာစည်သူနှင့် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်တို့က ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron ( အိုမီခရွန်) နှင့်စပ်လျဉ်း၍အခုလို မေးမြန်းဆွေးနွေးခဲ့ပါသည်-

မေး - ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)က ဘယ်ကာလလောက်မှာ ဘယ်နိုင်ငံမှာ စပြီးတွေ့ ခဲ့တာလဲရှင့်။

ဖြေ - ၂၄ -၁၁-၂၀၂၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံသို့ ကိုဗစ် မျိုးကွဲသစ်တစ်ခုကို report လုပ်လာပါတယ်။ အဲ့ဒီ မျိုးကွဲသစ်ကတော့ ၁၁-၁၁-၂၀၂၁ ရက်နေ့တွင် Botswana မှရယူခဲ့တဲ့ specimens နှင့် ၁၄.၁၁.၂၀၂၁ တွင် South Africa မှရယူခဲ့တဲ့ specimens တို့မှ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၎င်း မျိုးကွဲသစ် အား ကိုဗစ်-၁၉ ၏ ပုံသဏ္ဍာန်ပြောင်း Omicron လို့ မှတ်ခေါ်ခဲ့ပါတယ်။ ၁.၁၂.၂၀၂၁ မှာတော့ US မှာ ပထမဆုံး Omicron variant ကူးစက်မှု စတင်ကြောင်း အတည်ပြုခဲ့ပါတယ်။

မေး - လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကို ဘယ်နိုင်ငံတွေမှာ ကူးစက်ခံနေရပြီလဲရှင့်။

ဖြေ - ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးသည် အာဖရိကနိုင်ငံများ၊ ဥရောပ နိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဩစတြေးလျနိုင်ငံ အစရှိသည် တို့တွင် အတည်ပြုတွေ့ရှိရပြီးဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံ၊ နီပေါနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း ဓာတ်ခွဲအတည်ပြုလူနာများတွေ့ရှိကြောင်း သိရှိရပါတယ်။

မေး - Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်မှုနှုန်းက သာမန် ကိုဗစ်-၁၉ ရောဂါပိုးတွေနဲ့ ကွာခြားမှု ရှိပါသလား ။ ဘယ်လိုကွာခြားတာလဲဆိုတာ သိပါရစေရှင့်

ဖြေ - Omicron မျိုးကွဲသစ်ဟာ အရင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးတွေထက် ပိုမိုလျင်မြန်စွာ ကူးစက်နေတာ တွေ့ရှိရပါတယ်။ သူတို့ဟာ ပုံစံပြောင်းထားတဲ့ အနေအထားရှိတာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က သိရှိထားမှုကို ကျော်လွှားနိုင်ပါတယ်။ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို လည်းကောင်း၊ ရောဂါဖြစ် ပြီး ခုခံအား ထွက်ထားသူတွင်လည်းကောင်း၊ လူလုပ်ပဋိပစ္စည်းတွေရဲ့ ထိရောက်မှုကို လည်းကောင်း လျော့ကျစေမှာ ဖြစ်ပါတယ်။ ထို့ကြောင့် အကြမ်း အားဖြင့်တော့ ရောဂါကူးစက်မှု နှုန်း ပိုမြန်ဆန်စေနိုင်ပါတယ်။ South Africa မှာ တော့ Omicron Variant ကြောင့် ကူးစက်မှုများ နေသော် လည်း ဒါဟာ virus strain သက်သက်ကြောင့် လား အခြားအချက်တွေကြောင့်လားဆိုတာတော့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ အရင် Strain တွေထက် ပိုမို ပြင်းထန်လားဆိုတာလဲ ယခုထိတော့ အတိအကျ မပြောနိုင်သေးပါဘူး။ South Africa မှာ ဆေးရုံတက် နှုန်းတွေ မြင့်တက်နေမှုဟာ ရောဂါပြင်းထန်မှုထက် ကူးစက်မှုနှုန်း ပိုများတာလို့ လူအစုလိုက် အပြုံလိုက် ဖြစ်နေတာ ကြောင့်ဖြစ်ပါတယ်။

မေး - Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်မှုကြောင့် သေဆုံးမှုတွေရောရှိနေပြီလား။ ဘယ်နိုင်ငံတွေမှာ ဒီရောဂါပိုး ကူးစက်မှုတွေ အဖြစ်များနေပြီလဲရှင့်။

ဖြေ - အာဖရိကနိုင်ငံများ၊ ဥရောပနိုင်ငံအချို့ အမေရိကန် ကနေဒါတို့မှာ ကူးစက်မှု မြင့်တက်နေတာ သိရပါတယ်။ အထက်မှာပြောခဲ့တဲ့ အတိုင်းပဲ ကျွန်တော်တို့အိမ်နီးချင်း နိုင်ငံအချို့မှာလဲ ဓါတ်ခွဲ အတည်ပြုလူနာတွေ တွေ့ရှိနေရ ပြီဖြစ်ပါတယ်။

မေး -  ကြိုတင်ကာကွယ်မှုတွေအနေနဲ့ ဘယ်လိုတွေ ပြင်ဆင်ဆောင်ရွက်ထားရမလဲဆိုတာ သိပါရစေရှင့်

ဖြေ - နိုင်ငံအနေဖြင့်ဆိုရင်တော့ မျက်ခြေမပြတ်စောင့်ကြည့်ခြင်း  (Surveillance and Sequencing of cases)၊ တွေ့ရှိပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ ကနဦး သတင်းပေးပို့ခြင်း (early reporting)၊ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ(Public Health Measure) တွေတိုးမြှင့်ဆောင်ရွက် ရမှာဖြစ်ပါတယ်။ အသိပညာပေးခြင်း(Health Education)၊ မြေပြင်အခြေအနေ စောင့်ကြည့် လေ့လာခြင်း (Field Investigation) ဓါတ်ခွဲစစ်ဆေးမှုများ တိုးမြှင့် ဆောင်ရွက်ခြင်း(Laboratory Assessments) မိမိတို့နိုင်ငံအတွင်း ရောဂါကူးစက်မှု မြင့်တက်လာပါက လူနာကုသရေးဆေးရုံများ၊ center များ၊ အနီးကပ် ထိစပ်သူများ အား အသွားအလာကန့်သတ်မှု (quarantine center) များ၊ ကုသရေးအတွက်လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ၊ ICU များ၊ Oxygen လိုအပ်မှု မရှိစေရေး စသည်တို့ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်သလို ၊တစ်ဦးခြင်းအနေနဲ့ ယခင် Variant များကဲ့သို့ပင် Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ၊ လူစုလူဝေး ရှောင်၊ ချောင်းဆိုးနှာချေပါက တံတောင်ကွေးသို့ တစ်ရှူး စသည်တို့ဖြင့် ကာကွယ်၊ အလုံပိတ်ခန်းထက် လေဝင်လေထွက်ကောင်းသော အခန်းတွင်းနေထိုင်ခြင်း စသည်တို့အားဆက်လက် လိုက်နာရမှာ ဖြစ်ပါတယ်။

မေး - ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသူတွေအနေနဲ့ရော Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်မှု အန္တရာယ်ကနေ ဘယ်အတိုင်းအတာထိ ကာကွယ် နိုင်ပြီလဲရှင့်။

ဖြေ - သူဟာမျိုးကွဲဖြစ်တဲ့အတွက်ကြောင့်ကူးနိုင်ပါတယ်။ ယခင်ဖြစ်ပြီးသူတွေမှာလဲ ပြန်ဖြစ်နိုင်တာ တွေ့ရှိထား ရပါတယ်။ သို့ရာတွင် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးထားသူများအနေဖြင့် ပြင်းထန်ဝေဒနာခံစားရခြင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူရခြင်း၊ သေဆုံးခြင်း စသည်တို့အား ကာကွယ်မှု ပေးနိုင်မှာဖြစ်ပါတယ်။

မေး -Omicron(အိုမီခရွန်) ရောဂါပိုးကူးစက်မှုနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ အကြံပြုပြောကြားပေးစေလိုပါ တယ်ရှင့်

ဖြေ - ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့် ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းဖြစ်ပွားမှု အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ မိမိတို့နိုင်ငံမှာ အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုအနေဖြင့်လည်း အဆိုပါ ရောဂါပိုးနှင့် ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောင့် ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊  သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရန် အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲများ ကူးစက်မှု လျော့နည်းစေရေး ကျန်းမာရေးဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်နေသည့်လုပ်ငန်းများကို ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြပါရန် အသိပေး တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ အတတ်နိုင်ဆုံး မိမိတို့နေအိမ်များတွင်သာနေထိုင်ခြင်းနှင့် လူစုလူဝေးကိုတတ် နိုင်သမျှ ရှောင်ကျဉ်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရပါက မဖြစ်မနေ ပါးစပ်နှင့်နှခေါင်းစည်း (Mask) ကိုစနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောခြင်း ၊  တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း ၊ လေဝင်လေထွက် ကောင်းသည့်နေရာတွင် နေထိုင်ခြင်း၊ သံသယရောဂါလက္ခဏာခံစားရပါက နီးစပ်ရရာကျန်းမာရေးဌာန သို့ သတင်းပေးပို့ကုသမှုခံယူခြင်း၊ အနီးကပ်ထိတွေ့ခဲ့ သူများအနေဖြင့် အသွားအလာကန့်သတ်ခြင်း ဓါတ်ခွဲစစ်ဆေးခြင်းတို့ တွင်ပူးပေါင်းပါဝင်ပေးရေးတို့ကို ဆောင်ရွက်ပေးစေလိုကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)