ကျိုက်မရော ဇန်နဝါရီ ၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ရာသီမရွေးစိုက်ပျိူးနိုင်သော စျေးကွက်ဝင် ငရုတ်သီးပင်များ အောင်မြင်ဖြစ်ထွန်း၍ စီးပွားဖြစ်ငရုတ်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ငရုတ်ပင်သည် ပူနွေးသောရာသီဥတုကို နှစ်သက်ပြီး အေးလွန်း၊ ပူလွန်းသော ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိသည်။ ကျိုက်မရောမြို့နယ်တွင် အများဆုံးစိုက်သော ငရုတ်မျိုးမှာ မိုးထောင်မျိုး (အရပ်ခေါ်)မိုးမျှော်သီးငရုတ်ကို အဓိကထား၍ ရာသီမရွေးစိုက်ပျိုးလေ့ရှိကြပြီး ငရုတ်ပွမျိုး နှင်းအတောင့်ရှည်မျိုးကိုတော့ ဆောင်းရာသီတွင် အဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးကြကြောင်း စိုက်ပျိုးချိန်ပေါ်မူတည်၍ မိုးကြိုငရုတ်၊ မိုးငရုတ်၊ ဆောင်းငရုတ်ဟုခေါ်ဆိုကြသလို စိုက်ပျိုးသည့် မြေအလိုက် လယ်ငရုတ်၊ ကိုင်းငရုတ်ဟူ၍ ခွဲခြားကြောင်း ငရုတ်သီးစိုက်ပျိုးမည့်မြေအား ပြုပြင်ရာတွင် ပေါင်းမြက်ကင်းစင်ပြီး မုန့်ညှက်သည်အထိ ပြုပြုင်ရပီး ထိုမြေအားနွားချေး၊ မြေဆွေးစသည့် သဘာဝဓာတ်မြေသြဇာနှင့် ယူးရီးယား၊ တီစူပါ၊ ပိုတက်ရှ်မြေသြဇာများကို အချိုးကျသမအောင် ရောမွှေပြီး မြေခံအဖြစ်ထည့်သွင်းစိုက်ပျိုးရကြောင်း ငရုတ်သီးစီးပွားဖြစ်စိုက်ပျိုးသည့် ဦးမင်းဦးထံမှ သိရသည်။
ယခုဆောင်းရာသီတွင် ငရုတ်သီးများလှိုင်လှိုင်ထွက်ပြီး စျေးကောင်းလည်းရသဖြင့် တောင်သူများဝင်ငွေတိုးကာ မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဦးမင်းဦး က ပြောသည်။
ချိုမြတ်မြတ်ထွေး