ကျောက်မဲ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့ခြင်းကြောင့် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ၅၀ ရာခိုင်နှုန်းကျော်ပြီဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝထိုးနှံခြင်း မပြုရသေးသည့် သူများနှင့် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများကို ကျောက်မဲမြို့ ကျက်သရေ ဆောင်ခန်းမ၊ နောင်ပိန်တိုက်နယ်ဆေးရုံ၊ မိုင်းလုံမြို့၊ မိုင်းငေါ့မြို့ရှိ စုရပ်များတို့တွင် ကာကွယ် ဆေးများ နေ့စဉ်ပုံမှန် ဆက်လက်ထိုးနှံပေးသည့်အပြင် မိုဘိုင်း ဆေးထိုးအဖွဲ့များဖြင့်လည်း ကျေးရွာများသို့ ကွင်းဆင်း၍ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်အထက် ပြည်သူပေါင်း ၁၀၉၈၂၆ ဦးရှိပြီး ၎င်းတို့အနက် ဇန်နဝါရီ ၃ ရက်နေ့အထိ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၅၄၉၂၅ ဦးရှိကာ ကျောက်မဲမြို့နယ်အနေဖြင့် ကာကွယ်ဆေး ထိုးနှံပြီးစီးသည့် ရာခိုင်နှုန်း ၅၀ ဒဿမ ၀၁ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)