လမိုင်းမြို့ ပြည့်သူစာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

လမိုင်း ဇန်နဝါရီ ၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။

အသိပညာပေး Talk Show တွင် လမိုင်းမြို့ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူအေးက အမျိုးအသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်ပွားရခြင်း အကြောင်း၊ ထိုသို့ဖြစ်ပွား လာပါက အရေးယူ ဆောင်ရွက်နိုင်သည့် ဥပဒေများအကြောင်းနှင့် အမျိုးသမီးများ အခွင့်အရေး အကြောင်းတို့ကို မေးမြန်းရာ ရေးမြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ကျော်ဦး က လူမှုရေးအရ အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် မသန်စွမ်းမှုပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အကြောင်း၊ အကြမ်းဖက်ခံရပါက ဦးစီးဌာနရုံးသို့ လာရောက် တိုင်ကြားနိုင်ကြောင်းနှင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများ အတွက်   ဝန်ဆောင်မှုပေးနေသည့် အကြောင်းများ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားဆောင်ရွက်ခဲ့မှုများ၊ ကျေးလက်နေ ပြည်သူများထံ သွားရောက် ကွင်းဆင်းပြီး အမျိုးသမီးများ၏ အခွင့်အရေးအကြောင်း အသိပညာပေး လှုပ်ရှားမှုများ၊ အကြမ်းဖက်မှု ဖြစ်စဉ်ရှိကြောင်း တိုင်ကြားလာပါက သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများထံ အကူအညီဆောင်ရွက် ပေးမှုများအကြောင်း၊ အမျိုးသမီးများ အပေါ် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်များအကြောင်း တို့ကို လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို အနာဂတ်မျိုးဆက်သစ်လူငယ်များ အနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်များ၊ (ကျား+မ)ခွဲခြားဆက်ဆံခြင်းများနှင့် အမျိုးသမီး ဥပဒေများအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်းဖြင့် ယင်းအကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်နှင့် အကြမ်းဖက်မှုများ ပပျောက်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ဆောင်ရွက် တတ်စေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

လမိုင်း(ပြန်/ဆက်)