နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိမှု သိသိသာသာလျော့နည်းလာ

နောင်ချို ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင်  ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုးတွေ့ရှိမှု ၂•၅ ရာခိုင်နှုန်း ထိကျဆင်းလာကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှသိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာ ရေးဌာန၊  ဌာနဆိုင်များ၊  ပရဟိအဖွဲ့များပါဝင်သောအဖွဲ့များက  နောင်ချိုမြို့ပေါ်ရပ်ကွက်များတွင်   ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်းလူဦးရေ(၅၁)ဦးကို RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁)  ဦးသာတွေ့ရှိရကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

နောင်ချိုမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ အမြန်ဆုံး ကွင်းဆက်ပြတ်တောက်နိုင်ရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယနေ့အထိ အတည်ပြုလူနာ(၄၅၁၆)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၄၄၄၇)ဦး၊ သေဆုံးသူ(၆၄)ဦး၊ ကုသဆဲလူနာ(၅) ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှသိရသည်

ထွေးငယ်၊ (ပြန်/ဆက်)