ပူတာအို ဇန်နဝါရီ ၆
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငှက်ပျောချည်မျှင်ဖြင့် တန်ဖိုးမြှင့်လူသုံးကုန်များ ထုတ်လုပ်နိုင်ရန် အတွက်နည်းပညာများ အကူအညီလိုအပ်လာပါက နည်းပညာများ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။
"ကျွန်တော်တို့ ငှက်ပျောအရွက်မှပင်စည်၊အခိုင် ဘာမှလွင့်ပစ်စရာမရှိပါဘူး အားလုံးအသုံး၀င်ပါ တယ်။ အခုငှက်ပျောပင်စည်၊ အရွက်တွေက ငှက်ပျောချည်အဆင့်မီ ကောင်းမွန်ခိုင်ခံ့အောင် အဆင့်ဆင့်ပြုလုပ်ပြီးတော့ ထုပ်ပိုးခွံအမျိုးမျိုး၊ လူသုံးကုန်လက်မှု ထည်အမျိုးမျိုးနဲ့ ငှက်ပျော ရက်ထည်ချပ်တွေပေါ်မှာ ပန်းချီအလှအပတွေ ရေးဆွဲချုပ်ပြီးတော့ တန်ဖိုးမြှင့်အမှတ်တရ လက်ဆောင်ပစ္စည်း ထုတ်လို့ရတယ်။ ဒီလိုဖြစ်ဖို့ လုပ်ငန်းရှင်တွေက နည်းပညာတောင်းခံလာပါက အချိန်မရွေး နည်းပညာအကူအညီ ပေးသွားမှာဖြစ်ပါတယ်" ဟု ကချင်ပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းက ပြောသည်။
အဆိုပါ ငှက်ပျောချည်မျှင်များမှ ငှက်ပျောချည်ထည်၊ စားပွဲခင်း၊ ရှုခင်းပန်းချီကား၊ ထီး၊ ထုပ်ပိုးခွံအမျိုးမျိုး စသည့် တန်ဖိုးမြှင့် လူသုံးကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပြီး ငှက်ပျောချည်မျှင်ဖြင့် တန်ဖိုးမြှင့်လူသုံးကုန်များ ထုတ်လုပ်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် နည်းပညာအကူအညီများ လိုအပ်လာပါက ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက နည်းပညာများအကူအညီပေးနိုင် ရန်အဆင်သင့်ပြင်ဆင်ထားကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားခရိုင်၊ ဗန်မော်ခရိုင်၊ မိုးညှင်းခရိုင်များတွင် တစ်သျှူးငှက်ပျောစိုက်ဧက စုစုပေါင်း တစ်သိန်းခန့် စိုက်ပျိုးခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး အဆိုပါ တစ်လျှူးငှက်ပျောများကို တွင်ကျယ်စွာ စိုက်ပျိုးလာခြင်း ကြောင့်နိုင်ငံခြားမှ ၀င်ငွေများရရှိသည့်အတွက် ဒေသ၏ GDP တိုးပွားလျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)