ပင်းတယမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်း၏ (၈၂.၁၆) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

ပင်းတယ ဇန်နဝါရီ  ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ တာဝန် ရှိသူများက သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ပြုလုပ်ပေးနိုင်ရေး၊ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်မှု (၈၂.၁၆)  ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ အသက် (၁၆) နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစီစစ်ရေးကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး အား ၂၀၂၁ခုနှစ်၊ မေလ (၃) ရက်မှ စတင်ကာ ၂၀၂၂ခုနှစ်၊ နိုင်ဝင်ဘာလအထိ (၁၈) လတာကာလအတွင်း ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှ င့်ပြည်သူ့အင်အားဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ပင်းတယမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် (၁၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) အုပ်စုရှိ သတ်မှတ် ချက်နှင့်ကိုက်ညီသည့် လျှာထားဦးရေ (၅၄၄၉) ဦးအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရမည့်ဖြစ်ရာ ယနေ့အထိ လူဦးရေ (၄၄၇၇)ဦး ပြုလုပ်ပြီးစီးပြီး၊ ဆောင်ရွက်ရန် (၉၇၂) ဦးသာကျန်ရှိသည့်အတွက် လုပ်ငန်း၏ ၈၂.၁၆ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပင်းတယမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များအနေဖြင့် အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ပင်းတယမြို့နယ် အတွင်းရှိ အခြခံပညာ ကျောင်းများရှိ အသက် (၁၆) နှစ်ပြည့်ပြီး၊  မှတ်ပုံတင် မပြုလုပ်ရသေးသည့် ကျောင်းသား/ ကျောင်းသူ ( ၁၄၉) ဦးအားလိုအပ်သည့် အချက်အလက်များ စာရင်းကောက်ယူထားပြီး၊၂၀၂၂ခုနှစ်၊ ဇန်နဝါရီ (၁၂) ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများသို့အလှည့်ကျ ကွင်းဆင်းကာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ဦးစီးမှူး ဦးခင်မောင်ချိုထံမှ သိရသည်။

အေးအေးလတ်