မိုင်းယောင်း၌ မီးသင်္ဂြိုဟ်စက် ဆောက်လုပ်နိုင်ရေး ညှိနှိုင်းစည်းဝေး၊ ဆောက်လုပ်မည့် မြေနေရာ ကွင်းဆင်းအတည်ပြု

မိုင်းယောင်း  ဇန်နဝါရီ  ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးသင်္ဂြိုဟ်စက် ဆောက်လုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက အဖွင့်အမှာစကား ပြောကြားပြီး မိုင်းယောင်းတပ်နယ် တပ်နယ်မှူးက မီးသင်္ဂြိုဟ်စက် စနစ်တကျ ဆောက်လုပ်နိုင်ရေး ဖြည့်စွက်အကြံပြု ဆွေးနွေးသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်ရဲဝင်းနိုင်နှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူးများက မီးသင်္ဂြိုဟ်စက် အောင်မြင်စွာ ဆောက်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် မီးသင်္ဂြိုဟ်စက် ဆောက်လုပ်မည့် သတ်မှတ်မြေနေရာအား ကွင်းဆင်းအတည်ပြုခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်တွင် လိုအပ်နေသော မီးသင်္ဂြိုဟ်စက်အတွက် ရှမ်းပြည်နယ်အစိုးရမှ ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း