တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးဖောင်ဒေးရှင်းမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ဒလ ဇန်နဝါရီ ၆

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စားသောက်ရေး အခက်အခဲရှိသော ပြည်သူများထံ အခြေခံ စားသောက်ကုန်များ ဝေငှလှူဒါန်းခြင်း အစီအစဉ်အား တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဖောင်ဒေးရှင်းမှ ထောက်ပံ့ လှူဒါန်းလျက်ရှိရာ အမေ့မေတ္တာ သက်ကြွယ်ရိပ်မွန်၊ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းနှင့် မျိုးဆက်သစ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ စသည့် ကျောင်းနှင့် ဂေဟာ တို့အား ဆန်၊  ဆီ နှင့် ပဲ များကို  ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် Bank of China (Hong Kong) လီမီတက် ရန်ကုန်ဘဏ်မှ ကူညီထောက်ပံ့မှုဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့က အမေ့မေတ္တာ သက်ကြွယ်ရိပ်မွန်ရှိ အဘွား ၂၀ ဦး၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းရှိ ကလေးငယ် ၆၀ ဦး၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၌  မျိုးဆက်သစ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ လူငယ် ၆၀ ဦး၊ စုစုပေါင်း ၁၄၀ ဦးတို့အား တစ်ဦးလျှင် ဆန် ၁၀ ကီလိုဂရမ်၊ ဆီ ၁ လီတာ နှင့် ပဲ ၁ ကီလိုဂရမ် တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ကျောင်း၊ ဂေဟာမှ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြသည်။

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သရုံးမှ နိုဝင်ဘာလအတွင်း စားသောက်ရေး အခက်အခဲရှိသော ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဒလမြို့နယ်မှ  အိမ်ထောင်စု ၁၀၀၀ နှင့် လှိုင်သာယာမြို့နယ်မှ အိမ်ထောင်စု ၁၀၀၀၊ စုစုပေါင်း အိမ်ထောင်စု ၂၀၀၀ တို့အား ဆန်၊ ဆီ နှင့် ပဲ တို့အား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း  တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ဖောင်ဒေးရှင်း (CFPA) (ရန်ကုန်ရုံးခွဲ) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နိုင်လင်းကျော်(IPRD)