မိုင်းဆတ်မြို့ ရေကြီးရေနစ်မြှုပ်မှု ကာကွယ်ရေး၊ မယ်ဆတ်ချောင်းသဲနှုန်းတူးဖော်

မိုင်းဆတ် ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရေကြီးရေနစ်မြှုပ်မှုကာကွယ်ရေး၊ မယ်ဆတ်ချောင်းသဲနှုန်း တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ (Mini) ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေး ဦးစီးဌာန (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ်သန်း (၄၀) ဖြင့် အရှည်ပေ (၁၃၀၀၀) မယ်ဆတ်ချောင်းသဲနှုန်း တူးဖော်ခြင်းလုပ်ငန်းအား ရွှေပြည့်လျှံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မိုးတွင်းကာလမှာ တောင်ကျချောင်းရေတွေက ဒီမယ်ဆတ်ချောင်းထဲစီးဝင်တာဆိုတော့ ချောင်းအနီးအနား က လယ်တွေရေနစ်မြှုပ်တာ ခဏခဏကြုံရတယ်၊  ရေမကျမချင်း ပျိုးပင်တွေပြန်ဖာထေး စိုက်ဖို့က မလွယ်ဘူး ဒုက္ခရောက်တယ်၊ အခုလိုပွင့်လင်းရာသီမှာကြိုပြီး သဲနှုန်းတူးဖော်ပေးနေပြီဆိုတော့ လယ်ရေ နစ်မြှုပ်မှုဒဏ်ခံနိုင်မယ်လို့ယုံကြည် ပါတယ်၊ အခုလိုဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဒေသခံဦးလုံးကော်ကပြောသည်။

အဆိုပါ မယ်ဆတ်ချောင်းသည် မိုးရာသီကာလတွင် မိုးစပါးစိုက် လယ်မြေအများအပြားရေနစ်မြှုပ်မှု ကြုံတွေ့ရလေ့ရှိပြီး စပါးရိတ်သိမ်းချိန် မိုးမကုန်မီအချိန်ထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိကာ မိုးစပါးစိုက် လယ်သမားများ နစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရန် သဲနှုန်းတူးဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)