ညောင်ဦး ဇန်နဝါရီ ၆
ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သည့် ပြည်တွင်းဘုရားဖူးခရီးသွားများအား ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီးဘေး ထန်းတောများတွင် ဆောက်လုပ် ထားသည့် ထန်းမျှော်စင် (ထန်းလင့်စင်) များအား စိတ်ဝင်စားမှု မြင့်တက်လာနေကြောင်း ပိုင်ထန်း တဲထန်းလျက် မျိုးစုံရောင်းချရေး ဆိုင်ပိုင်ရှင် ဦးမောင်စန်းကရှင်းပြ၍ သိရသည်။
ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ထန်းတဲဆိုင်များမှာ ယခင်ကတဲအသေးစား လေးများဖြင့် ဆောက်လုပ်ရောင်းချ ခဲ့ရာမှ တဖြည်ဖြည်းတဲအကြီးများ ဆောက်လာကာ ဗြက်အကျယ်ဆောက်လုပ်ပြီး ထန်းရွက်များမိုးကာနားနားနေနေ နေထိုင်နိုင် သည့် ထန်းတဲအဆောက်အအုံကျယ်များ ဆောက်လုပ်လာခြင်း၊ ပြည်တွင်းဧည့်သည်များသာမက ပြည်ပဧည့်သည် များပါ စိတ်ဝင်စားလာစေရန် ယာခင်းစပ်၊ ထန်းတောတန်းများရှိ ထန်းပင်များပေါ်တွင် ထန်းမျှောင်စင် (ထန်းလင့်စင်) များ ဆောက်လုပ် လာခဲ့ကြောင်း ဆက်လက်ပြောပြသည်။
ထိုထန်းတဲများတွင် ဈေးကွက်အရဝန်ဆောင်မှုအဖြစ် ထန်းပင်ထွက်ပစ္စည်းများ ရောင်းချပေးခြင်း၊ အညာဒေသ ထန်းတောင်သူ တို့၏ လုပ်ငန်းဖြစ်သည့် ထန်းပင်တက် ထန်းလှီးပြသပေးခြင်း၊ နွားဖြင့် ဆီစုံလှည့် ဆီကြိတ်ပြသပေးခြင်း၊ ထန်းလျက်ချက်လုပ်ပုံ အဆင့်ဆင့် ထန်းပင်မှထန်းရည်(ရေ)ချို ချလာပြီး ထန်းဆွဲမြူအိုထဲမှ ဆိုင်းထမ်းပုံးထဲထည့်ချိန် ထန်းဆစ်ကြောဖြင့် အမှိုက်စစ်ပုံ၊ ထန်းလျက် ချက်ဖိုပေါ်ရှိ မိုးဗြဲဒယ်ထဲထည့်ပုံနှင့် ထန်းရေချို ထန်းလျက်ချက်နေချိန် မီးထိုးနေပုံမှအစ ထန်းလျက် ချက်ပြီး ထန်းလျက်လုံးပြီးသည်ထိပြသခြင်းများ၊ထန်းလက်ကုလားထိုင်၊ ထန်းလက်စားပွဲ၊ နွားစွပ်ခြင်းများ ပြသပေးနိုင်ရန်အထိ ပြင်ဆင်ထားရှိကြကာ ပြည်တွင်းခရီးသွားများအား ဆွဲဆောင်နိုင်ရန်ပြု လုပ်လာကြကြောင်း ဦးဗညားကရှင်းပြသည်။ ပုဂံ၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးရှိ ထန်းတော၊ ထန်းတဲ၊ ထန်းလျက်ချက်ဖို၊ ထန်းရည်ချို၊ ထန်းရည်ခါး၊ ထန်းလျက်ဖြင့် အရက်ချက်လုပ်ပုံများအား လာရောက်ကြသည့် ပြည်ပနိုင်ငံသားများ စိတ်ဝင်စားကြကြောင်းသိရပြီး ပြည်တွင်း ဘုရားဖူးဧည့် သည်များသည် ထန်းလင့်စင်ခေါ်ထန်းမျှော်စင်ပေါ်တွင် အလှဓာတ်ပုံ ရိုက်ကြခြင်း၊ ထန်းတဲများ မှရောင်းချသည့် အစားအစာများ မှာယူစားကြခြင်းနှင့် ထန်းရည်ခါး၊ ထန်းရည်ချိုသောက်ခြင်းများဖြင့် ထန်းမျှော်စင်(လင့်စင်)များ ဆောက်လုပ်ကာ ပြည်တွင်း ခရီးသွားများအား ဆွဲဆောင် ဆောက်လုပ်လာကြကြောင်း သိရသည်။
ထန်းလျက်ဖြင့်ရောကာ ချက်လုပ်ထားသည့် အုန်းထန်းလျက်၊ဆီးထန်းလျက်၊ နှမ်းထန်းလျက် (နှမ်းယို)၊ မြေပဲထန်းလျက် (မြေပဲယို)၊ ဂျင်းထန်းလျက်တို့ ပြုလုပ်ကြပြီး ပြည်ပနိုင်ငံသားများ ဂျင်းထန်းလျက်အကြိုက်ဆုံးနှင့် အခါကြီးရက်ကြီး ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များနှင့် ပုဂံသမိုင်းဝင်ဘုရားကြီးပွဲတော်များတွင် အုန်းထန်းလျက်အား ပြည်တွင်းခရီးသွားများဝယ်ယူမှုများ ပြားကာတစ်ရက်လျှင် အုန်းသီးလုံးရေ (၇၀၀) ကျော်ကုန်သည်အထိ အုန်းထန်းလျက်ရောင်းချရ ကြောင်း ပိုင်ထန်းတဲပိုင်ရှင်မှ ပြောပြ၍သိရပြီး ယခုအခါ ထန်းတောင်သူများ ပြည်တွင်းဘုရားဖူးများ အားဆွဲဆောင်နိုင်မည့် ထန်းမျှော်စင်(ထန်းလင့်စင်) များ ဖန်တီးတည်ဆောက်ကာ ထန်းထွက်ပစ္စည် အမျိုးမျိုး ရောင်းချလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ကိုထိန်၊ KPD