မိုးနဲ ဇန်နဝါရီ ၆
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အများပြည်သူ နေ့စဉ်စားသုံး လျက်ရှိသည့် အသီးအနှံများအနက် ဆောင်းရာသီ သီးနှံပင်များ ဖြစ်သည့် အိမ်ရှင်မများ အကြိုက် မုန်ညင်းပင်၊ ငရုတ်ပွ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ ပင်များကို နမ့်မော်ဆွမ့်ကျေးရွာ အုပ်စုရှိ ခြံစိုက်တောင်သူများက စီးပွားဖြစ် စိုက်ပျိုးကြရာ အထွက်နှုန်းကောင်းမွန်ပြီး စျေးကောင်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိသည်။
မိုးနဲမြို့နဲအတွင်းအဆိုပါ ဟင်းစားပင်များကို အများအပြား စိုက်ပျိုးကြကြောင်း၊ ၎င်း ဟင်းစားပင်များမှာ ဒေသတွင်စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ မြေဆီမြေသြဇာ ကြွယ်ဝရန် နွားချေးနှင့် မြေဆွေးထည့်မွှေပေးရကြောင်းနှင့် အအေးကြိုက်သော သီးနှံအမျိုးအစားဖြစ်၍ ဆောင်းရာသီတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်းကြောင်း စိုက်ပျိုးသူတောင်သူ နန်းအေးအောင်၏ ပြောကြားချက်အရ သိရသည်။
သီးနှံပင်များကို စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်တစ်ပေခြား၍ စိုက်ပျိုးရကြောင်း၊ ဆောင်းရာသီအစ နိုဝင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ ခူးဆွတ်ရောင်းချ နိုင်ပြီဖြစ်ကြောင်း၊ ဟင်းစားပင်များကို အပင်လိုက်နုတ်၍ ရောင်းချကြကြောင်း၊ တစ်ပင်လျှင် ၂၀၀ ကျပ်မှ ၃၀၀ ကျပ်အထိ စျေးရရှိခြင်း၊ ငရုတ်ပွသီး တစ်လုံး ကျပ် ၁၀၀ ၊ ဂေါ်ဖီတစ်ထုပ် ၅၀၀ ကျပ်၊ ပန်းမုန်လာတစ်ပွင့် ကျပ် ၈၀၀ ရောင်းချရပြီး စီးပွားဖြစ် စိုက်ပျိုးသူများ အပိုဝင်ငွေ ရရှိကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)