သာကေတ ဇန်နဝါရီ ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ယနေ့နံနက်(၁၀)နာရီတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်းဒေးရှင်းအသင်းမှ မီးဘေးကြောင့် ဆုံးရှုံးခဲ့သည့် သာကေတမြို့နယ် (၁၀) တောင်ရပ်ကွက် ပညာအလင်းပြ စာကြည့်တိုက် ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ငွေကျပ်သိန်း(၂၀)နှင့် သုတ(၅၀)အုပ်အား ပေးအပ် လှူဒါန်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ဒုဥက္ကဋ္ဌ၊ အရှေ့ပိုင်းတာဝန်ခံ ဦးမောင်မောင်ဦး၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ ရန်ကုန်တိုင်းစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးနွဲ့မြင့်သိန်း၊ သာကေတမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဖေသောရီတို့မှ စာကြည့်တိုက်များ ရှင်သန်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့် အလှူငွေ ထောက်ပံ့ရခြင်း ရည်ရွယ်ချက်၊ (၁၀)တောင်ရပ်ကွက် ပညာအလင်းပြ စာကြည့်တိုက် ပြန်လည် တည်ဆောက်မည့် အခြေအနေများအား အသီးသီး ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းစာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနွဲ့မြင့်သိန်းမှ ငွေကျပ်သိန်း(၂၀)နှင့် သုတစာအုပ်(၅၀)အုပ်အား ပေးအပ်ထောက်ပံ့ခဲ့ရာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လက်ခံရယူကြသည်။
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ထောက်ပံ့သော ငွေကျပ်သိန်း(၂၀)အား ဘဏ်စာရင်း ဖွင့်လှစ်အပ်နှံပြီး အဆောက်အဦဆောက်လုပ်သည့် အချိန်၌ ထုတ်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သဘောတူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ