ရန်ကင်း ဇန်နဝါရီ ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူ များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန် တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည် အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။
လှလှထွေး(ပြန်/ဆက်)