ကျောက်ဆည် ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် အိမ်ထောင်စု(၈၆၈)စု အကျိုးပြုမည့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးဘေး ကြက်မင်းတွန်ရပ်ကွက်လမ်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူကာ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ်(၃.၄၆၆)သန်း အကုန်အကျခံကာ အရှည်(၃၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းများ ပြီးစီးသွားပါက အိမ်ထောင်စု(၈၆၈)စု၊ လူဦးရေ(၄၀၆၄)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့တွင် ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပေစေရးအတွက် မြို့တွင်း လမ်း/တံတားများ ပြုပြင်ဆောက်လုပ်ပေးခြင်း၊ ရေနုတ် မြောင်းများ ရေစီးရေလာကောင်း မွန် ရေး ဆောင်ရွက်ပေးခြင်း၊ လမ်းဘေးဝဲ/ယာများတွင် ပန်းအလှပင်များ၊ အရိပ်ရအပင်များ စိုက်ပျိုးပေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)