မွန်ပြည်နယ်ဝန်ကြီးချုပ် မီးငြှိမ်းသတ်ယာဉ်များ စွမ်းရည်သရုပ်ပြသမှု ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဇန်နဝါရီ ၆

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီကမော်လမြိုင်မြို့ စစ်ကဲကုန်းရပ်၊ မောရဝတီ ပန်းခြံရှေ့၌ မွန်ပြည်နယ်မီးသတ် ဦးစီးဌာနမှ အသစ်ရောက်ရှိလာသော မီးငြှိမ်းသတ်ယာဉ် (၇)စီးအား ကြည့်ရှုစစ်ဆေးသည်၊၊

ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက အသစ်ရောက်ရှိလာသော မီးငြှိမ်းသတ် ယာဉ်များကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးပြီး ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစိုးဝင်းက အသစ်ရောက်ရှိသည့် မီးငြှိမ်းသတ်ယာဉ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်ရှိသော မြို့နယ်များသို့ မီးသတ်ယာဉ်များ အမြန်ဆုံးခွဲဝေဖြည့်တင်းပေးရေး ယာဉ်များ၏ ကြံ့ခိုင်ရေးစွမ်းရည်ပြည့်ဝစွာ အသုံးပြုနိုင်ရေး မှာကြားသည်၊၊

ထို့နောက်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်သရုပ်ပြ မီးငြှိမ်းသတ်မှု တို့ကို ကြည့်ရှုအားပေးသည်၊၊

မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့် မီးငြှိမ်းသတ်ယာဉ် ၁၁ စီး ဝယ်ယူခဲ့ရာ ပထမအသုတ်မှာ ၄ စီးရောက်ရှိကြောင်း၊ ယခုနောက်ထပ် ၇ စီး ထပ်မံရောက်ရှိကြောင်း၊ ISUZU Foam Tank FireTruck ယာဉ် ၁ စီး၊  HOWO ရေဂါလံ ၃၂၀၀ ဆံ အထောက်ကူပြု ရေသယ်ယာဉ် ၂ စီး၊ ISUZU ရေဂါလံ ၁၆၀၀ ဆံ့ ရေသယ်ယာဉ် ၄ စီးဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)