(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မနောအက၊ ပြခန်းများနှင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် များချီးမြှင့်အပ်နှင်းခြင်း အစီအစဉ်များအပါအဝင် အနှစ်သာရပြည့်ဝစွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇန်နဝါရီ  

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ကျင်းပရာတွင် မနောအက စုပေါင်းကခြင်းနှင့် ဌာနဆိုင်ရာများပြခန်းများ၊ ဂုဏ်ထူးဆောင် ဘွဲ့ တံဆိပ်များ အပ်နှင်းခြင်းအစီအစဉ်များဖြင့် ပြည်နယ်၏ အနှစ်သာရပြည့်ဝစွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့အတူ ပေါ်ပေါက်လာသည့် ပြည်နယ်နေ့သည် လေးနက် ကျယ်ပြန့်သည့် အဓိပ္ပါယ်နှင့် ပြည့်ဝပါကြောင်း၊ ထို့ကြောင့် ပြည်နယ်နေ့အခမ်းအနားကို ဌာနဆိုင်ရာများ၊ တိုင်းရင်းသားများ စုပေါင်းပါဝင်သည့်အခမ်းအနားဖြစ်စေရေး၊ မနောအကနှင့် ပြခန်းများ ခင်းကျင်းပြသနိုင်ရေး၊ ဒို့တာဝန်အရေး (၃)ပါးနှင့် ပြည်ထောင်စုကို အခြေခံသည့် ပုံရိပ်များနှင့်အညီ ပြုလုပ်ကျင်းပနိုင်ရေး ကော်မတီအဖွဲ့ဝင်များအနေဖြင့် အကြံပြု ဆွေးနွေး သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက (၇၄)နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်သွားမည့် အစီအစဉ်များ မနောကွင်းနှင့် မနောအက စုပေါင်းကမည့် အစီအစဉ်များ၊ ပြခန်းများ ခင်းကျင်းပသသွားမည့် အစီအစဉ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်အတွင်း ထူးချွန်စွာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်သွားမည့် ကိစ္စရပ်များကိုလည်းကောင်း သက်ဆိုင်ရာကော်မတီအလိုက် တင်ပြ ဆွေးနွေးခဲ့ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မနောအက (၂)ကြိမ် ကနိုင်ရေး၊ သက်ဆိုင်ရာ အစီအမံများအလိုက် အနှစ်သာရပြည့်ဝစွာ ပြုလုပ်သွားနိုင်ရေး ကော်မတီ အဖွဲ့ဝင်များအကြား လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။