ရန်ကုန် ဇန်နဝါရီ ၆
ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်၍ စခန်းသွင်းလေ့ကျင့်နေသည့် ကာယဗလ မောင်/မယ်များ၏ လက်ရည်စစ်ကာယဗလပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်တွင် ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ကိုယ်အလေးချိန် ၇၀ ကီလိုအောက် ကာယဗလမောင်ပြိုင်ပွဲ၊ ၇၀ ကီလို အထက် ကာယဗလ မောင်ပြိုင်ပွဲ၊ ကာယဗလမောင်များ အလွတ်တန်း ပြိုင်ပွဲ၊ အမျိုးသမီး ကာယဗလမယ်ပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီး စုံတွဲပြိုင်ပွဲများက အပြည်ပြည်ဆိုင်ရာ သတ်မှတ် ကိုယ်ဟန်ပြခုနှစ်မျိုးတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြ သည်။
ထို့နောက် ပြိုင်ပွဲများအပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးများ၊ ရန်ကုန်မြို့တော်၀န် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်၀န်၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီတို့က ပထမ၊ ဒုတိယ၊ တတိယနှင့် ကြိုးစားမှုအထူး ဆုရရှိများအား ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
"ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် စခန်းသွင်းလေ့ကျင့်နေတဲ့ ကစားသမားတွေကို လက်ရည်စစ် ပြိုင်ပွဲကျင်းပတာဖြစ်ပါတယ်၊ ဒီပြိုင်ပွဲမှာ ခန္ဒာကိုယ် အချိုးအစားပေါ် မူတည်ပြီးတော့မှ အကောင်းဆုံးဆိုတဲ့သူတွေကို ရွေးချယ်ပြီးတော့မှ ဆုပေးတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှု တွဲဖက်အတွင်းရေးမှူး ဦးကျော်စိန်းသန်းက ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)