ကျိုင်းတုံ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ခြင်းနှင့် လျာထားချက် ပြီးမြောက်အောင်မြင်ပွဲကို ယမန်နေ့နံနက်(၁၁)နာရီခွဲက ကျိုင်းတုံမြို့ မြို့နယ်စည်ပင်သာယာရေး ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်းက ယနေ့အခမ်းအနားသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးနေသည့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲဖြစ်သလို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်တွင် စီမံချက်လျာထား ချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်သည့် မိုင်းပျဉ်းမြို့နယ်ကို ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အနေဖြင့် ဆောင်ရွက်ပေးရန် လျာထားချက် (၅၄၀၆၃)ဦး ရှိရာမှာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့ထိ (၃၂၉၆၄)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး (၂၁၀၉၉)ဦး ဆောင်ရွက်ပေးရန် ကျန်ရှိနေပါသေးကြောင်း၊ ပြီးစီးမှုရာခိုင်နှုန်း အနေဖြင့် ၆၀.၉၇% တွေ့ရှိရပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ပန်းခင်းစီမံချက်ဖြင့် ယနေ့ပေးအပ်သည့် ကတ်ပြားပေါင်း (၁၁၉၂)ကတ်နှင့် အိမ်ထောင်စု(၂၂)စုဖြစ်ပြီး ယခင်ကလည်း နှစ်ကြိမ်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျိုင်းတုံခရိုင်အတွင်းရှိ မိုင်းပျဉ်းမြို့နယ်သည် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၄) အုပ်စု၊ ကျေးရွာပေါင်း (၃၈၅)ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ(၆)သောင်းကျော် နေထိုင်လျက်ရှိပြီး မိုင်းပျဉ်းမြို့နယ်အနေဖြင့် စီမံချက် လျာထားဦးရေ (၂၂၂၂)ဦး ဆောင်ရွက်ပေးရမှာဖြစ်သော်လည်း သတ်မှတ်ကာလမတိုင်မီ (၈)လအတွင်း အိမ်ထောင်စု လူဦးရေ စာရင်း(၅၆)စုနှင့် ကိုင်ဆောင်လက်မှတ် (၂၂၃၈)ထိ ရာနှုန်းပြည့်ကျော်လွန်အောင် ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း၊ မိုင်းပျဉ်းမြို့နယ်သည် စီမံချက်ကာလမတိုင်မီ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်အတွင်း ပထမဆုံး `ပန်းခင်း´ စီမံချက်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်သော မြို့နယ်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ မပြန့်ပွားရေးအတွက် ထုတ်ပြန်ထားသော ကန့်သတ်ချက်များနှင့် အခြားသောအခက်အခဲကြားမှ (၈)လအတွင်း စီမံချက်လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ရေးအတွက် အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ခဲ့သည့် မိုင်းပျဉ်းမြို့နယ် ရုံးဝန်ထမ်းများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နန်းရှဲန်စိန်နှင့် မနာဒေါရှာအား ပေးအပ်ပေးပြီး ပန်းခင်းစီမံချက်ဖြင့် လျာထာချက် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မိုင်းပျဉ်းမြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းဖေအား ပြည်နယ်ဝန်ကြီးချုပ်မှ ပေးအပ်၍လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းက နန်းစမ်ဟွမ်နှင့် မဘူးဂျေအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်၍ လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ မောင်ညီကိန်းနှင့် စိုင်းဝန်းအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်၍လည်းကောင်း၊ ကျိုင်းတုံမြို့နယ်၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းအား ပြည်နယ်သယံဇာတဝန်ကြီး ဦးစိုင်းလိတ်မှ ပေးအပ်၍လည်းကောင်း၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းလားမြို့နယ်တို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်နယ် လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် `ဝ´ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ ပေးအပ်ရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူကြပြီး ဒေသခံ တိုင်းရင်းသားများ ကိုယ်စား ပလောင်တိုင်းရင်းသား ဦးစိုင်းအောင်ခမ်းမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမ၌ သစ်လွင်နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများအား တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ဆရာ၊ဆရာမများ သစ်လွင်မောင်မယ်နှင့်အညီ လူသစ်စိတ်သစ်ဖြင့် တိုင်းပြည်တာဝန်များကို ကျရာကဏ္ဍတွင် တာဝန်ထမ်းဆောင်ပေးရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျိုင်းတုံတက္ကသိုလ် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် အားကစားပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာမှ လက်ခံရယူပြီး ASEAN Festival 2021 တက္ကသိုလ်များ ပွဲတော်တွင် ကျိုင်းတုံတက္ကသိုလ်မှ ပထမဆု(၂)ဆု၊ နှစ်သိမ့်ဆု(၁)ဆုရှိခဲ့သော ထူးချွန်ကျောင်း ကျောင်းသား ကျောင်းသူများ (၂) ဦးအား ဆုချီးမြှင့်ငွေကျပ် (၅)သိန်းစီကို ပြည်နယ်ဝန်ကြီးချုပ်က ဆုချီးမြှင့်ပေးခဲ့ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်မှ ASEAN Festival 2021 တက္ကသိုလ်များ ပွဲတော်တွင် ကျိုင်းတုံတက္ကသိုလ်မှ ပထမဆု(၂)ဆု၊ နှစ်သိမ့်ဆု(၁)ဆု ရရှိခဲ့ကြသော ထူးချွန်ကျောင်းသား၊ ကျောင်းသူ(၂)ဦးအား ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၅)သိန်းစီကို ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက ပေးအပ်ပေးပြီး ပါမောက္ခချုပ်မှ ကျိုင်းတုံတက္ကသိုလ်အတွက် လိုအပ်ချက်များ တင်ပြရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း