မိတ္ထီလာ ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လတာကာလ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာ စေပြီး ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှု တိုးတက်လာစေရန် ရည်ရွယ်၍ ကျေးရွာတစ်ရွာ လျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း(၁၀၀) ထောက်ပံ့ပေးပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသားများ ဦးဆောင်၍ ကျေးရွာ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ကျေးရွာ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လတာကာလ၌ အိမ်ခြေ ၁၅၀ ၊ လူဦးရေ ၆၇၀ ကျော် ရှိသည့် ကွက်ငယ်ကျေးရွာတွင် ကျေးရွာ၏ လိုအပ်ချက်ဖြင့်သော ကျေးရွာတွင်းလမ်းအဆင့် မြှင့်တင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေ သိန်း(၁၀၀)နှင့် ကျေးရွာသူကျေးရွာ သားများ၏ ထည့်ဝင်ငွေ ၃.၈၇ သန်းတို့ဖြင့် အရှည် ပေ ၆၀၀ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကို ဆောင်ရွက်လျက်ရှိသည်။
မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ (၆၄)ရွာကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)