တာလေ၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ

တာလေ ဇန်နဝါရီ ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊တာလေမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းများကို တိုက်နယ်ပြည်သူ့ကျန်းမာရေးဌာန၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကာကွယ်ဆေးများထိုးနှံရာတွင် တာလေမြို့ပေါ်ရပ်ကွက်များနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ အတွင်းရှိ အသက်တစ်နှစ်ခွဲအောက် ကလေးငယ် (၄၉) ဦးအား Bcg ကာကွယ်ဆေး၊ Rota ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ၊ Penta ပြင်းထန်အဆုတ်ရောင် ၊ Pcv ဆုံဆို့ - ကြက်ညှာ - မေးခိုင် - အသည်းရောင်အသားဝါ(ဘီ) - ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန် ဦးနှောက်ရောင်နှင့် ဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် Opv ပိုလီယိုအစက်ချကာကွယ်ဆေးများ ထိုးနှံခြင်းများအ​ပြင် ကိုယ်ဝန်ဆောင်မိခင် (၈)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အစီအစဉ်တွင် တာလေ တိုက်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းစိန်ဦး ဦးဆောင် သော ကျန်းမာရေးဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)