လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ  ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ဆောင်ရွက်ပေးနေမှု ကွင်းဆင်းကြည့်ရှု

မလှိုင်  ဇန်နဝါရီ   ၆

မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူး  ဒုတိယညွှန်ကြားရေးမှူး ဒေါ်အုန်းသန်း၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်နှင့် တာဝန်ရှိသူများ သည် ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မလှိုင်မြို့နယ် ဦးစီးဌာနမှူးရုံးတွင် မြို့ပေါ် ရပ်ကွက်ကြီး (၄)ခုနှင့် ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) နှင့် အိမ်ထောင်စု လူဦးရေစာရင်း မရှိသေးသူများကို  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသား စိစစ်ရေး ကတ်ပြားရရှိရေး ဆောင်ရွက်ပေးနေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အုန်းသန်းသည် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရုံး ဝန်ထမ်းများအားတွေ့ဆုံ၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေနှင့် စာရင်းများ ကောက်ယူရာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား မလုပ်ရသေးသူများ မကျန်ရှိစေရန် ကူညီဆောင်ရွက်ပေးရန်နှင့် မြို့ပေါ်ရုံး ဝန်ထမ်းများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို သတ်မှတ်ကာလတွင် ရာနှုန်းပြည့် အချိန်မီပြီးစီးရေး၊ အလေးထား ဆောင်ရွက်သွာရန် မှာကြားခဲ့သည်။ ထို့နောက် မြို့နယ်လဝက ဦးစီးမှူး ဦးသိန်းဟန်က မြို့နယ်အတွင်းနိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိအောင် ဆောင်ရွက်ပေးရမည့်လျာထား လူဦးရေစာရင်းနှင့် ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို ပြန်လည်ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။

ယင်းနောက် မိတ္ထီလာခရိုင် ဦးစီးမှူးသည် နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိရေးဆောင်ရွက် ပေးနေ မှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး နိုင်ငံသားကတ် ရရှိသူများကို ကိုယ်တိုင် ပေးအပ်ခဲ့သည်။  မလှိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိအောင် (၃.၅.၂ဝ၂၁) ရက်နေ့မှ စတင်၍  ဆောင်ရွက်ပေးခဲ့ရာ (၄. ၁.၂ဝ၂၂ )ရက်နေ့ထိ( ၅၂၉၈ ) ဦးဆောင်ရွက်ပေးနိုင်ခဲ့ သည်။ လျာထား လူဦးရေမှာ(၇၅၄၄)ဦးဖြစ်၍  ( ၇ဝ ဒသမ၂၂ ) ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိနေသူများကို သတ်မှတ်ကာလ မတိုင်မီ ပြီးအောင်ဆောင်ရွက်  ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)