ကျောက်မဲ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကာကွယ်ဆေးများ မဖြစ်မနေထိုးနှံကြရေး အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်နှင့်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံစည်းကမ်းများအတိုင်း မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန် ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်သွားလာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၂ကြိမ်စလုံးပြည့်မီအောင် ထိုးနှံကြရန်လှည့်လည်ကာ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ ဇန်နဝါရီ ၃ ရက်နေ့ ၂၀၂၂ခုနှစ်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း ၁၈၉၄ ဦး၊ ဆေးရုံတွင်ကုသဆဲ ကိုဗစ်လူနာ ၆ ဦး၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀၇ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)