မန်ကန်မြို့၌ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသေးသော ဒေသခံပြည်သူများ ထပ်မံကွင်းဆင်းထိုးနှံပေး

မန်ကန် ‌ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသေးသော ဒေသခံ ပြည်သူများအား ပန်ကျုံရွာနှင့် ပန်ပွဲရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပန်ကျုံရွာနှင့် ပန်ပွဲရွာရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသေးသော ဒေသခံပြည်သူစုစုပေါင်း  (၈၈) ဦး တို့အား ထိုးနှံပေးခဲ့ပြီး မထိုးနှံ‌မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဓာတ်မတည့်သည့် ဆေး ရှိ/မရှိနှင့် သွေးမတိတ်ရောဂါ ရှိ/မရှိ မေးမြန်းပြီးမှသာ မန်ကန်မြို့ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသေးသော ဒေသခံပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှဥက္ကဋ္ဌ မြို့စီမံအုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)