နောင်ချိုမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အရွယ်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံ

နောင်ချို  ဇန်နဝါရီ ၅  

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အရွယ်ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉;၀၀)နာရီအချိန် က နောင်ချိုမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ် ဆေးတိုက်ကျွေးထိုးနှံခြင်းကို နောင်ချိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စန်းဦး ဦးဆောင်သောကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရို တာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် ၊အသားဝါ(ဘီ)စသည့်ရောဂါကာကွယ်ဆေးများကို တိုက်ကျွေး ထိုးနှံပေးပြီး၊ ကလေးငယ်များအား အပူချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ လစဉ်ပုံမှန်ကာကွယ်ဆေးကို လဆန်း (၁) ရက်နေ့မှ (၃)ရက်နေ့ထိ တိုက်ကျွေးထိုးနှံပေးလျက်ရှိပြီး ယခုလအတွင်း၌ လဆန်း(၃)ရက်နေ့မှ(၆)ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

ထွေးငယ်၊ (ပြန်/ဆက်)