မိုင်းယန်းမြို့၌ အသက်၁၈နှစ်နှင့်အထက် ဒေသခံတိုင်းရင်းသားပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မိုင်းယန်း  ဇန်နဝါရီ      ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီမှစ၍ ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားခန်းမ၌ အသက်၁၈ နှစ်နှင့်အထက် ဒေသခံတိုင်းရင်း သားပြည်သူများနှင့် သက်ကြီးဘိုးဘွားများကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးကြီးကြပ်(၁) ဦးကျော်သက်ပိုင်ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက မိုင်းယန်းမြို့ပေါ်(၁၁)ရပ်ကွက်ရှိ အသက် (၁၈)နှစ်အထက် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် သက်ကြီးဘိုးဘွားများအား စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများ စနစ်တကျဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

“ပထမအကြိမ်ထိုးပြီးလဲ ဘာမှမဖြစ်ဘူး နေကောင်းတယ် အခုကဒုတိယအကြိမ် လာထိုးတာပါ အခုလို ကာကွယ်ဆေးအကြိမ်ပြည့် ထိုးခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်”ဟု ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပါမိုင်ရပ်ကွက်နေ အသက်(၈၉)နှစ်အရွယ် အဘွားဒေါ်နန်းရှန်က ပြောသည်။

ခွန်ရဲထွေး(ဆီဆိုင်)