မတ္တရာမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ ကျင်းပ

မတ္တရာ  ဇန်နဝါရီ  ၅

၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံလွှင့်တင်ခြင်းအခမ်းအနားကို နံနက် (၄)နာရီ (၂၀) မိနစ်ချိန်တွင် ကျင်းပခဲ့သည်။ ထို့နောက် နံနက် (၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ကြားပွဲကိုကျင်းပရာ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့်  ကျဆုံးလေပြီးသော အာဇာ နည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးပို့သော ၂၀၂၂-ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ ဖတ်ကြားခဲ့သည်။ ထို့နောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သော ကျောင်းတွင်းအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ဆုများချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်း အဖွဲ့များ ဆရာ/ဆရာမများနှင့် ဆုရကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)