ပြင်ဦးလွင်မြို့တွင် အများပြည်သူ ရုံးပိတ်ရက်များအတွင်း အပန်းဖြေလာရောက်ကြသူများဖြင့် စည်ကားများပြား

ပြင်ဦးလွင် ဇန်နဝါရီ ၅

နှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သည့် ဒီဇင်ဘာလကုန်နှင့် ဇန်နဝါရီလဆန်းတွင် ပြင်ဦးလွင်မြို့တွင် မြန်မာနိုင်ငံတစ်ဝန်းမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင် မြို့တွင် အထင်ကရနေရာများဖြစ်သော မဟာအံထူးကံသာဘုရား၊ နှီးဘုရား၊ ပိတ်ချင်းမြှောင်လှိုဏ်ဂူ၊ ဓာတ်တော်ချိုင့်၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းစသည့် နေရာများ၌ ဘုရားဖူးသူများ အပန်းဖြေလာရောက်ကြ သူများဖြင့် စည်ကား လျက်ရှိရာ အဆင့်မြှင့်တင်ထားသည့် ပွဲကောက် ရေတံခွန်အတွင်းမှ LED မှန်တံတားသို့ နေပြည်တော်မှလာရောက်လည်ပတ်သူ မစုမြတ်ထွေးမှ "အပန်းဖြေခရီးလေးထွ က်လာတာပါ ပြင်ဦးလွင်မှာ LED မှန်တံတားကြီး ဖွင့်တယ်ဆိုတော့ရောက်ဖူးချင်တာလဲပါပါတယ်၊  အရင်ရောက် ဖူးတဲ့ပွဲကောက်နဲ့တော့ ခြားနားသွားပါပြီ။ လုံးဝမြင်ကွင်းတွေကအသစ်ပါပဲ မှန်တံတားကိုလဲ ဖြတ်လျှောက်တော့ ရင်ခုန်ပြီးပျော်ရပါတယ် တခါမှ မကြုံဖူးတော့လေ ကစားကွင်းတွေလဲရှိတော့ ကလေးတွေလဲ ပျော်ကြတယ်" ဟု ပျော်ရွှင်စွာ မျှဝေပေးသည်။

"ခုပိတ်ရက်ကတော့ စျေးတွေရောင်းကောင်း ပါတယ် ရောင်းမကောင်းတာကြာပြီမို့ ဝမ်းသာရ ပါတယ်"ဟု အသီးအနှံများကို ကားဖြင့် ရောင်းချသူတစ်ဦးမှလည်း ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများဖြင့်လည်း လူစည်ကားရာ နေရာများတွင် ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် (ပြင်ဦးလွင်)