ပျော်ဘွယ်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြွေလှေ့ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

ပျော်ဘွယ် ဇန်နဝါရီ   ၅

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ချောင်းမကြီးကျေးရွာ၊ ကွင်းအမှတ်(၃၆၄-က)၊ ဦးပိုင်အမှတ်(၈၀)၊ တောင်သူ ဦးငွေဆန်း စိုက်ပျိုးထားသည့် မနောသုခ မိုးစပါး(၅)ဧကအနက်မှ (၀.၁၀)ဧကအား စံကွက်ရိတ်သိမ်းခြွေလှေ့ခြင်းကွင်းသရုပ်ပြပွဲကို ဇန်နဝါရီလ(၅)ရက်၊ နံနက်(၉)နာရီခွဲက အဆိုပါကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဦးကြည်လင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းညွန့်တို့က စပါးစိုက်ပျိုးရာတွင် အထွက်နှုန်း ကောင်းမွန်စေရန်အတွက် မျိုးကောင်းမျိုးသန့်များသာ သုံးစွဲရေး၊ မြေဩဇာသုံးစွဲရာတွင်လည်း စနစ်တကျသုံးစွဲရေး၊ စိုက်ပျိုးနည်းစနစ်များမှန်ကန် စေရန်အတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတွင် လာရောက်ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်နိုင်ရေးတို့ကို ဆွေးနွေး ကြသည်။

အဆိုပါ မနောသုခမိုးစပါး စံကွက်ရိတ်သိမ်းခြွေလှေ့ခြင်း ကွင်းသရုပ်ပြပွဲသို့ ရမည်းသင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်နှင့်ဌာနဆိုင်ရာများ၊ အနီးဝန်းကျင်မှ တောင်သူများတက်ရောက်ခဲ့ပြီး ရိတ်သိမ်းခြွေလှေ့ နေမှုကို ကြည့်ရှုအားပေးကြသည်။

မနောသုခမိုးစပါးစံကွက်အား ပျော်ဘွယ်မြို့နယ်မှ ချောင်းမကြီးဆည်ရေဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ကောက်ရိတ် စက်အသုံးပြု၍ စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း စပါးအခြောက် (၉၈.၃၃)တင်းနှုန်းထွက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)