(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ မလှိုင်မြို့၌ ဖြန့်ဝေ

မလှိုင် ဇန်နဝါရီ  ၅

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်း စာစောင်များ ကို မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ရှိ စာသင်ကျောင်းနှင့် ရုံးများ အပြင် ယမန်နေ့က လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားများ၌ လည်း ဖြန့်ဝေခဲ့ကြောင်းသိရသည်။

သတင်းစကား လက်ကမ်းစာစောင်များကို  မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်ဆွေဆွေမြင့် နှင့် ဝန်ထမ်းများက ဇန်နဝါရီ ၃ ရက်နေ့မှ စတင်၍ စာသင်ကျောင်းများ၊ ရုံးများကိုဖြန့်ဝေခဲ့ပြီး လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်လာသူများကိုလည်း ထပ်မံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၂ဝ.၁.၁၉၄၆  ရက်နေ့ အလယ်ပစ္စယံ ညီလာခံ၌ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ (၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်) ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ (၆)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ပြောကြားသည့် မိန့်ခွန်းမှ ကောက် နှုတ်ချက်များ၊ လွတ်လပ်ရေးနေ့အဆိုအမိန့်များ၊ ဖိုလေးလုံးသောင်းကိုကို၏ “တို့များဆင်မြန်း လွတ်လပ်ပန်း” ကဗျာ၊ ကာတွန်းများပါဝင်ခဲ့သည်။

သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်) မှ  တာဝန်ခံထုတ်ဝေ၍  အခမဲ့ ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)