ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၅
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်ကျောင်းတွင်း အားကစား ပြိုင်ပွဲများကို ယမန်နေ့၊ နံနက်ပိုင်းမှစတင်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အ.ထ.က(ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အဆင့် အားကစားပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အားကစား ပြိုင်ပွဲမှတဆင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများအဖြစ် လေ့ကျင့်ပြုစုပေးနိုင်ရန်၊ အားကစား စိတ်ဓာတ်ကို အရင်းခံ၍ အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ ဇွဲရှိမှု၊ သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံး ညီညွတ်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိမှု စည်းကမ်းဥပဒေများကို လေးစားလိုက်နာမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ နိုင်ငံသားကောင်းများဖြစ်မှုစသော ကောင်းမြတ်သော အရည်အသွေးကောင်းများ ရရှိလာစေရန်နှင့် လွတ်လပ်ရေးနေ့၏ အနှစ်သာရဖြစ်သော ပျော်ရွှင် မှုများကို ခံစားရရှိနိုင်ရန် ရည်ရွယ်ကာ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့်ခွဲကာ အားကစားနည်း(၈)မျိုးတို့ဖြင့် ပြိုင်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ မူလတန်း အဆင့်တွင် မီတာ(၅၀) အပြေးပြိုင်ပွဲနှင့် မီတာ(၅၀) အာလူးကောက်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်တွင် မီတာ(၁၀၀) အပြေးပြိုင်ပွဲနှင့် အပ်မြီးထိုးပြိုင်ပွဲ၊ အထက်တန်းအဆင့်တွင် မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲနှင့် အလျားခုန်၊ လွန်ဆွဲပွဲတို့ ပါဝင်ပြီး အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူကလေးငယ် (၈၅)ဦးတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)