ထန်းတပင်(ရန်ကုန်)၊ ဇန်နဝါရီ ၅
မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေးပျော်ပွဲရွှင်ပွဲ (အလွတ်တန်း) ဖူဆယ်လ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မြို့မအားကစားကွင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းတွင် (အလွတ်တန်း) ဖူဆယ်လ်ဘောလုံး ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲတွင် ဆုများရရှိသူများအား ဆုပေးအပ်ပွဲကို အဆိုပါအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ (အလွတ်တန်း) ဖူဆယ်လ်ဘောလုံးပြိုင်ပွဲကို အသင်း(၈)သင်း ပတ်လည်စနစ်ဖြင့် အုပ်စု (၂)အုပ်စုခွဲကာ ဒီဇင်ဘာလ (၂၅)ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့အထိ ယှဉ်ပြိုင် ကစားလျက်ရှိသလို ပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း ဒီဇင်ဘာလ(၃၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့အထိ အသင်း(၆)သင်းပတ်လည် စနစ်ဖြင့် ကျင်းပပြုလုပ်လျက်ရှိပြီး ပြိုင်ပွဲသို့လည်း မြို့ပေါ် ရပ်ကွက်အတွင်းရှိ လူငယ်များနှင့် ကျေးရွာများရှိ လူငယ်များမှ အသင်းများ ဖွဲ့ကာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းလည်း သိရသည်။
ဆုများပေးအပ်ရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများက (အလွတ်တန်း) ဖူဆယ်လ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲတို့တွင် ဆုရရှိသည့် အသင်းများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)