လွိုင်မွေတောင်စခန်းမြို့ (ချယ်ရီမြေ) သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကျိုင်းတုံ    ဇန်နဝါရီ    ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်းမြို့ (ချယ်ရီမြေ) သန့်ရှင်း သာယာလှပရေး  ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ယမန်နေ့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်၊ မြို့နယ်စည်ပင်သာယာရေး ဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်တို့ ကြီးကြပ်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဌာနဝန်ထမ်းများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ လွိုင်မွေတောင်စခန်းမြို့တွင်းလမ်းများ၊ လွိုင်မွေကန်ပတ်လည်နှင့် လာရောက်လည်ပတ်သူ များပြားသည့် ချယ်ရီပင်တန်းတစ်လျောက်တို့တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကာ အမှိုက်ကောက် သိမ်းဆည်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

လွိုင်မွေဒေသ၌  နှစ်စဉ် ဒီဇင်ဘာလကုန်ပိုင်းမှ ဇန်နဝါရီလကုန်ပိုင်းအထိ တစ်လကြာ ချယ်ရီပန်းများ ပွင့်သည့် ကာလတွင် လာရောက်လည်ပတ်သူများဖြင့် စည်းကားလျက်ရှိကြောင်းသိရပြီး မြို့သန့်ရှင်း သာယာလှပရေးအတွက် နေ့စဉ်အမှိုက် သိမ်းဆည်း နိုင်ရေး မြို့နယ်စည်ပင်သာယာရေးဌာနမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။                       

အောင်ဇင်မြင့်